သထုံမြို့နယ် အောင်ကန်သာကျေးရွာ လေဆင်နှာမောင်းဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

သထုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာမှ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၂၉ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က အဆိုပါကျေးရွာသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာမြင့်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက လေဘေးသင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့်မဖြစ်ပွားအောင် ဂရုပြုနေထိုင်ရမည့်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် သတိပြုရမည့်အချက်များ စသည်တို့ကို အသိပညာပေးဆွေးနွေး‌ခဲ့ကြသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူ စုစုပေါင်း ၁၀၀ ခန့်အား စစ်ဆေးကုသပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)