သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့‌ငွေများ ပေးအပ်

သထုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာမှ လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးစိုးက လေ‌ပြင်းဘေးသင့်ပြည်သူများကို အားပေးအမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်နှင်းသီတာနှင့် တာဝန်ရှိသူတို့က လေပြင်းဘေးသင့်ပြည်သူများထံ ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းနှင့် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၈၅၂၅၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးနှင့် ထိခိုက်‌သေဆုံးသူတစ်ဦးအတွက် ငွေကျပ်(၃၀၀၀၀၀)တို့ကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာတွင် ဇူလိုင်လ ၂၅ ရက်နေ့ညပိုင်းက ရုတ်တရက်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၆)လုံးပြိုကျပျက်စီးပြီး၊ နေအိမ် (၃၃)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးကာ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် အောင်ကန်သာကျေးရွာမှ လေဘေးသင့်ခဲ့သည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)