တပ်ကုန်း ဩဂုတ် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နေပြည်တော် တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/နေပြည်တော် ကောင်စီ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းခွင်များကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန စီမံကိန်းစစ်ဆေးရေး နှင့်အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အင်ဂျင်နီယာများ၊ ဥတ္တရခရိုင်နှင့် တပ်ကုန်းမြို့နယ်တို့မှ တာဝန်ရှိအင်ဂျင်နီယာများက တင်ဒါအောင် ကုမ္ပဏီများနှင့်အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တပ်ကုန်းမြို့နယ်အတွင်း ပြည်ထောင်စု/ နေပြည်တော်ကောင်စီ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လမ်း/တံတား တည်ဆောက်ခြင်းလုပ်ငန်များ မဆောင်ရွက်မီ မူလလမ်း/တံတားအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီဆောင်ရွက်ပြီးစီးနိုင်စေရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်