နမ့်စန်မြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ၍ ဆုများချီးမြှင့်

နမ့်စန်(တ) ဩဂုတ် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ‘ဒစ်ဂျစ်တယ် နည်းပညာနှင့် လူငယ်များ၏ အနာဂတ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ‘သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူငယ်တစ်ဦး၏တာဝန်’ခေါင်းစဉ်ဖြင့်လည်းကောင်း နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၃၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲကို စနစ်တကျကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ နံနက် ၁၁ နာရီတွင် ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ရှေးဦးစွာ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့နောက် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အောင်တို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။

ဆုပေးပွဲအပြီးတွင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)