မောက်မယ် သြဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်၊ စံပြကွက်စိုက်ပျိုးဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းရည်ထူးက မိုးစပါးမျိုးစေ့ထုတ်၊ စံပြကွက်စိုက်ပျိုးဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုများ ဖြန့်ဖြူးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့က မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၁၅)ဧက၊ စံပြကွက်(၅)ဧကနှင့် နေကြာမျိုးစေ့ထုတ် (၁၀)ဧကအတွက် မိုးစပါးမျိုးစေ့(၁၀)ကီလို၊ နေကြာမျိုးစေ့(၃)ကီလို၊ ကွန်ပေါင်းမြေသြဇာ(၁)အိတ်၊ ယူရီးယားမြေသြဇာ(၁)အိတ်၊ သဘာဝမြေသြဇာ(၁)အိတ်စီ တောင်သူများထံသို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)