မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူ တစ်ရာ့ကိုးဆယ်ကျော်အား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်

တာမွေ ဩဂုတ် ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ တစ်ရာ့ကိုးဆယ်ကျော်အထိရှိပြီဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း၊ သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၈/၂၀၂၅)အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်အောင်ဝင်းက မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်မှုခံယူနိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးစခန်းများမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ်ပြီး၍ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူပြီးသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ဘဝအောင်မြင်တိုးတက်စေရေးအတွက် လမ်းညွှန်ဆုံးမစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် မူးယစ်ဆေးဖြတ် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ်သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့်တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသားများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင် ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ်သင်တန်းသားများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့်  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှုပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ်သင်တန်းသား (၁၉၆)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ၂၀၂၅-ခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၂၉)ရက်နေ့အထိဖွင့်လှစ်မည့် မူးယစ်ဆေးစွဲလူနာများအား ပြန်လည်ထူထောင်ရေးစခန်းသွင်း(အခမဲ့)သင်တန်း တက်ရောက်ချင်သူများကိုလည်း အဆိုပါအသင်းအနေဖြင့် သင်တန်းတက်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် (ပြန်/ဆက်)