ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား/သမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား ဩဂုတ် ၁

ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ယနေ့ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင် မြင်သူများ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရေးကို ဆက်လက်ဆည်းပူးလေ့လာနိုင်ပြီဖြစ်သည့်အတွက် မိသားစုများနှင့် ထပ်တူဂုဏ်ယူပါကြောင်း၊ ထို့အပြင် နိုင်ငံတော်နှင့် ပြည်သူကိုအကျိုးပြုနိုင်သော သားကောင်းရတနာဖြစ်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဂုဏ်ပြု ချီးမြှင့်ပွဲနှင့် စပ်လျဉ်း၍ ချီးမြှင့်ဂုဏ်ပြုသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ အင်ဂျင်နီယာမှူးများနှင့် အမှုဆောင်အရာရှိများက သက်ဆိုင်ရာမြို့နယ်များအလိုက် တက္ကသိုလ် ဝင်တန်း အောင်မြင်သူ ဝန်ထမ်းသား/သမီး (၁၀)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် (၃)သိန်းစီ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူ (၃)ဦးတို့အတွက် ဂုဏ်ထူးတစ်ဘာသာလျှင် ကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၇)သိန်းနှင့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တွင် မြန်မာ့သိုင်းသရုပ်ပြစွမ်းရည်ပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုရရှိခဲ့သော ဝန်ထမ်းတစ်ဦးအား ချီးမြှင့်ငွေကျပ် (၅)သိန်းကို အသီးသီးဂုဏ်ပြုချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)