မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

မိုးနဲ ဩဂုတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ Grade-11 တွင် ပညာသင်ကြားနေသော မစံပယ်ဖြူ၊ နန်းဂျမီဖွေးလောင်၊ မစမ်းစမ်းဝင်း၊ မဆုမြတ်မွန်နှင့် မောင်မြင့်မြတ်အောင်တို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဖုန်းသုံးစွဲခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုးများ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစားနှင့် လူငယ်နှင့်မူးယစ်ဆေး အစရှိသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ ဆွေးနွေးမှုအပေါ် တက်ရောက်လာသော ကျောင်းသား/သူများက သိလိုသည်များ မေးမြန်းခဲ့ရာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်ရှိ ကျောင်းသား/သူများ သိသင့်သိထိုက်သည့် စာအုပ်စာစောင်များအား ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် လူငယ်များဗလငါးတန်ဖြင့် ပြည့်စုံစေရေး လူငယ်စကားဝိုင်းများကို ရုံးတွင်း၌သာမက အခြေခံပညာကျောင်းများ၌ပါ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခြင်းတို့အပြင် အများပြည်သူများ သိရှိလိုက်နာသင့်သည့်အချက်များကို ရုံးရှေ့မြေစိုက်ပြဘုတ်တွင်သာမက အွန်လိုင်းအသိပညာပေးခြင်းများကိုပါ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို