နေပြည်တော် ဩဂုတ် ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၀၅ ၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ လက်တွေ့ ဆန်းစစ်ခြင်းသရုပ်ပြပွဲကိုတက်ရောက်သည်။
ဦးစွာ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ခေါင်းဆောင်မှ နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လက်တွေ့လေ့ကျင့်ခန်းဆောင်ရွက်ရန် ခွင့်ပြုချက်တောင်းခံပြီး ဆက်လက်၍ ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများဖြစ်သော မြို့ပြရှာဖွေကယ်ဆယ်ရေးနည်းစနစ်များဖြစ်သည့် ငလျင်ဘေးထိခိုက်သည့် အဆောက်အအုံအားထပ်မံပြိုကျနိုင်မှုရှိ/မရှိ စောင့်ကြည့်တိုင်းတာသည့် ကိရိယာဖြင့်အသုံးပြုခြင်းနည်းစနစ်၊ ပြိုကျနံရံများ ဒေါက်ထောက်ခြင်းနည်းစနစ်၊ ကြိုးအသုံးပြု၍ ထမ်းစင်ချကယ်ဆယ်ရေးနည်းစနစ်၊ အခန်းတွင်းပိတ်မိနေသူများအား နံရံတွင်းဖောက် ဖြတ်တောက်ကယ်ဆယ်ခြင်းနည်းစနစ်၊ အဆောက်အအုံတွင်ပိတ်မိနေသူများအား လှေခါးနှင့်ကြိုးများအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များကို လက်တွေ့လေ့ကျင့်ပြသခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေ့ကျင့်ခန်းတွင်ပါဝင်ဆောင်ရွက်ခဲ့ကြသော အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ ငလျင်ဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များ ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများအား အသင့်စုဖွဲ့ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ အမြဲမပြတ်ဆောင်ရွက်ရန်လိုကြောင်း၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အရည်အချင်းပြည့်ဝနေရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချတတ်နိုင်ရေး လေ့ကျင့်ဆောင်ရွက်ထားရန်လိုကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးဖြစ်ပွားလာပါက အမိန့်ကိုစောင့်ဆိုင်းရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးသွားရောက်ကူညီဆောင်ရွက်ရန်လိုကြောင်းပြာကြားပြီး လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဓိရပ်ကွင်းအတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျထိန်းသိမ်းထားရှိရေး၊ ဖယ်ရှားရှင်းလင်းပြီးသည့်နေရာများတွင် ဝင်လမ်းထွက်လမ်းများရှင်းလင်းထားရေး၊ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းနှင့် ဥတ္တသီရိမြို့နယ် ကလောလမ်းသို့သွားရောက်ပြီး သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် လမ်းဘေးရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီလျောက်ထားလာမှုများအား ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ တင်ပြလာမှုများကို စိစစ်ပြီးအသုံးပြုခွင့်၊ လုပ်ပိုင်ခွင့်များကိုဥပဒေနှင့်အညီ ခွင့်ပြုချထားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများအားဖွံ့ဖြိုးတိုးတက်အောင်လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသတွင်းအကျိုးစီးပွာဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးများကို ရှေ့ရှုပြီး ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)