တာချီလိတ် ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများပြန်လည်ကျဆင်းသွားချိန် တင်ကျန်ရစ်သည့် အမှိုက်သရိုက်၊ ရွံ့နွံများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စုပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တာချီလိတ်မြို့၌ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှစ၍ ရေများပြန်လည်ကျဆင်းသွားချိန် တာလော့ရပ်ကွက်၊ ပုန်းထွန်းရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်းမ နဂါးနှစ်ကောင်ကျောင်းတိုက်အနီးတို့၌ တင်ကျန်ရစ်သော ရွှံနွံများနှင့် အမှိုက်သရိုက်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများစုပေါင်း၍ ဝိုင်းဝန်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ရက်ပိုင်းအတွင်း မယ်ဆိုင်ချောင်းရေ၏ အမြင့်ဆုံး ရေအမှတ်သည် ၆၆၀ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် မယ်ဆိုင်ချောင်းရေအမှတ်သည် ၈၀၀ စင်တီမီတာအထိ မြင့်တက်ခဲ့ခြင်းကြောင့် လာမည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်လည်း မိုးများသည်းထန်စွာရွာသွန်းပါက ယခင်နှစ်၏ အမြင့်ဆုံးရေအမှတ် ၈၀၀ စင်တီမီတာကိုကျော်လွန်နိုင်ကြောင်းနှင့် ပုန်းထွန်ရပ်ကွက်၊ ရှမ်းဘုန်းတော်ကြီးကျောင်း၌ ကျန်ရှိနေသော ရေဘေးသင့်ပြည်သူ ၁၅ ဦးသည် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွေ့သွား ပြီဖြစ်သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းများကိုလည်း ပိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)