သန်လျင်ပြည်သူ့ဆေးရုံကြီး၌ World Hepatitis Day အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၃၁

သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အသည်းရောင်ရောဂါကူးစက်မှုလျော့ချရန်နှင့် ဖြစ်ပွားလာပါက စောလျင်စွာကုသမှုခံယူနိုင်ရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပပြုလုပ်သော World Hepatitis Day အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားသို့ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့ဆေးရုံကြီး(သန်လျင်) ဆေးရုံအုပ်ကြီး ဒေါက်တာ ချောနန္ဒိကအခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ဆေးရုံကြီး(သန်လျင်)မှ သမားတော်ဒေါက်တာစန္ဒာဦးက အသည်းရောင်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသော သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများကို အသည်းရောင်(စီပိုး)စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများအား တဆက်တည်းကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)