ရန်ကုန်အနောက်ပိုင်းဆေးရုံ၌ World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် အသည်းရောင်ရောဂါ(စီ)ပိုးရှိ/မရှိ သွေးစစ်ဆေးပေးခြင်း အခမ်းအနားကျင်းပ

ကြည့်မြင်တိုင် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က World Hepatitis Day (ကမ္ဘာ့အသည်းရောင်ရောဂါနေ့) အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသည်းရောင်ရောဂါ(စီ)ပိုးရှိ/မရှိ သွေးစစ်ဆေးပေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းဆေးရုံးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တွဲဖက်ပါမောက္ခ (ဆေးပညာ) ဒေါက်တာစောမြတ်သူဟန်က အသည်းရောင်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် အသည်းရောင်ရောဂါ(စီ)ပိုး စစ်ဆေးရန်ရောက်ရှိလာကြသူများအား သွေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသည်းရောင်ရောဂါ (စီ) ပိုးရှိသူများကို ဆေးကုသမှုဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအသည်းရောင်ရောဂါ (စီ) ပိုး သွေးစစ်ဆေးပေးခြင်းကို အလုံခရိုင်၊ ကျောက်တံတားခရိုင်၊ ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်၊ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ တွံတေးခရိုင်အတွင်းရှိ ပြည်သူစုစုပေါင်း (၃၅၀) ဦးကို စစ်ဆေးပေးခဲ့ပြီး လူဦးရေစုစုပေါင်း (၇၅၀) ထိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)