ဥတ္တရသီရိမြို့နယ် သဲကျွန်းကျေးရွာ “ပညာ့ဗိမာန်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊  သဲကျွန်းကျေးရွာ ပညာ့ဗိမာန်” စာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပခဲ့ရာ  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ မင်းကုန်းကျေးရွာအုပ်စု၊ သဲကျွန်ကျေးရွာ ပညာ့ဗိမာန်” စာကြည့်တိုက်အဆောက်အအုံအသစ်ကို  ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျ ပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလို ကျေးရွာများအရောက် စာကြည့်တိုက်များအသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများ အနေဖြင့်လည်း စာအုပ်စာပေကိုမြတ်နိုးပြီးတန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေ လေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက စာကြည့်တိုက်မှူး ဦးထွန်းထွန်းစိုးအား စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များပေးအပ်ကာ စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)