တုံတာ ဇူလိုင် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ရဲစခန်း အရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀) ခန့်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြိုကျသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျသွားသောနေရာမှ ကတ္တရာလမ်း (၅) လက်မခန့် နိမ့်ကျခဲ့ပြီး ကားလမ်းမ အလယ်၌ အက်ကြောင်းများ ယနေ့နံနက် ၆ နာရီ ၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပေါ်လာခဲ့ကြောင်း သိရပါသည်။ မြေပြိုကျသောနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်၊ တုံတာနယ်မြေရဲစခန်းမှ စခန်းမှူး ဦးစိုင်းဖြိုးသီဟထွန်း၊ အမှတ်(၃၅၈)တပ်မှ ဒုတိယဗိုလ်မှူးကြီး ဝင်းသက်ခိုင်နှင့် အမှတ်(၂၉၃)တပ်မှ ဒုတိယ ဗိုလ်မှူးကြီး ချမ်းမြေ့အောင်တို့က လာရောက်ကြည့်ရှုခဲ့ကြပြီး လမ်းအထူး(၃)နှင့် ချိတ်ဆက်ကာ လမ်းနေရာအား ပြန်လည်ပြုပြင်ခြင်းနှင့် ဖြတ်သန်းသွားလာသော လူ၊ မော်တော်ယာဉ်များ အန္တရာယ်မရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)