ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

ပင်းတယ ဇူလိုင် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါသဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာမှာပြည်သူများ အဆင်ပြေစွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက သိမ်ကုန်းကျေးရွာအုပ်စုအတွင်း မြေနေရာသစ်ရှာဖွေခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၏ လမ်းညွှန်မှုဖြင့် သိမ်းကုန်ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့်  ကုန်းစောင်းကျေးရွာမှ ရေဘေးသင့်ပြည်သူများအား ပင်းတယမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ အိမ်ထောင်စု(၁၄)စု၊ နိုင်ငံသားစိစ်ရေးကတ်ပြား ပျောက်ဆုံး(၁၀)ဦးအား မိတ္တူထုတ်‌ပေးနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပညာရေးဌာနမှ ကုန်းစောင်းကျေးရွာရှိ  အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများအတွက် ပေးအပ်လှူဒါန်းသည့် ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်နှင့် ကျောင်းသုံးစာရေးကရိယာများကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ကုန်းစောင်းကျေးရွာနှင့် သိမ်ကုန်းကျေးရွာသွားလမ်းများ၊ တံတားများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်  ကြံခင်းမြောင်ကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)