မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာစိုက်ပျိုးသူတို့ အစေးခြစ်ရောင်းချရာ ရော်ဘာအစို တစ်ကီလိုလျှင် ၃၇၂၀ ကျပ် (တရုတ်ယွမ် ၆ ယွမ်) ထိဈေးကောင်းရ

မိုင်းယု ဇူလိုင် ၃၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ဒေသခံတောင်သူများ နှစ်ရှည်ရော်ဘာများ စိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချလျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေ တိုးပွားလျက်ရှိပြီး ယခုနှစ်ထက် ဈေးကောင်းရရှိနေလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့တွင် မိမိတို့၏ နှစ်ရှည်ရော်ဘာခြံများမှ ရရှိလာသည့် ရော်ဘာအစေးများကို အစိုဖြင့် တိုက်ရိုက်လည်းကောင်း၊ အခြောက်ခံ၍လည်းကောင်း ဒေသတွင်းကုန်သည်များထံ ပြန်လည် ရောင်းချနေကြကြောင်း၊ ရော်ဘာအစေး ခြစ်ခြင်းလုပ်ငန်းကို ဧပြီ (တတိပတ်) မှ နိုဝင်ဘာအထိ လုပ်ကိုင်လျက်ရှိပြီး ကျန်လများတွင် ရော်ဘာခြံအတွင်း ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းများသာ လုပ်ပေးလျက်ရှိကြောင်း၊ မိုင်းယုတွင် နှစ်ရှည်ရော်ဘာပင်များ ဧကများစွာ စိုက်ပျိုးထားလျက်ရှိပါကြောင်း ရော်ဘာစိုက်ပျိုးသူထံမှ သိရသည်။

အဆိုပါ ရရှိလာသည့် ရော်ဘာများကို တောင်သူအချို့မှာ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစား ရော်ဘာပြားထုတ်လုပ်စက်ရုံသို့ ရောင်းချကြသော်လည်း အများစုအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချကြကြောင်းနှင့် ယခင်နှစ် ၂၀၂၄ ခုနှစ်တွင်  ရော်ဘာစေးအစိုတစ်ကီလိုလျှင် ငွေကျပ် ၂၁၆၀ (တရုတ်ယွမ် ၄ ယွမ်) ထိရရှိပြီးခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ်တွင် ရော်ဘာစေးအစိုတစ်ကီလိုလျှင် ငွေကျပ် ၃၇၂၀ ကျပ် (တရုတ်ယွမ် ၆ ယွမ်)(ယခု ငွေပေါက်ဈေး ၁ ယွမ်လျင် ၆၂၀ ကျပ်) ထိရရှိ၍ ယခင်နှစ်ထက် တစ်ကီလိုလျင် ၁၅၆၀ ကျပ် အပိုရရှိနေလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်