မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၃၁

မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ သတင်းအချက်အလက် နည်းပညာစနစ်များအတွင်းသို့ ဝင်ရောက်ထိုးဖောက်တိုက်ခိုက်မှုများမရှိစေရေး သိရှိကြစေရန်နှင့် ဌာနများမှ လက်ရှိအသုံးပြုနေသော သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာစနစ်နှင့် လုံခြုံရေးတို့ကို သုံးသပ်စစ်ဆေးပြီး လိုအပ်ချက်များကို အဆင့်မြှင့်တင်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နည်းပညာလျင်မြန်စွာတိုးတက်လာနေသည့် ခေတ်ကာလဖြစ်သည့်အလျောက် အွန်လိုင်းလုံခြုံရေးသည် မဖြစ်မနေသိထားသင့်သည့် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်တာနက်မှတစ်ဆင့် ဆိုက်ဘာမှုခင်းများ၊ ဒေတာချိုးဖောက်မှု၊ ခိုးယူမှုများမဖြစ်ပွားစေရေး ဌာနဆိုင်ရာသတင်းအချက်များကို မည်သို့ကာကွယ်ထိန်းသိန်းရမည်ကို သိရှိထားရန်လိုအပ်ကြောင်း၊  ပြည်နယ်e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုအခြေအနေများ ပိုမိုလုံခြုံစိတ်ချစေရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းလမ်းကောင်းများကို ဖော်ထုတ်သွားကြရန်နှင့် သက်ဆိုင်ရာဌာနများ၏ သတင်းအချက်အလက်များကို ထိန်းသိမ်းနိုင်ရေးအတွက် ခေတ်စနစ်နှင့် မဟာဗျူဟာကျကျ တွေးမြင်တည်ဆောက်သွားဖို့ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ ဒုတိယပါ‌မောက္ခချုပ် ဒေါက်တာမင်းဇော်အောင်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌‌ပြောကြာပြီး၊ ကွန်ပျူတာပညာရှင် ဦးရဲသူရသက်က သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကွန်ပျူတာပညာရှင် ဦးအောင်ကိုထွေးက Data Security ဆိုင်ရာအကြောင်းအရာများအားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ကွန်ပြူတာပညာရှင်များနှင် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)