တောင်ကြီး ဇူလိုင် ၃၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပြည်နယ်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ စဝ်စံထွန်းဆေးရုံအုပ်ကြီးတို့နှင့်အတူ တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံတွင် ကမ္ဘောဇ Group မှ ဆောက်လုပ်လှူဒါန်းမည့် ဆေးရုံမြေနေရာအား ယမန်နေ့ညနေ ၄ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်တိုက်နယ်ဆေးရုံသို့ ရောက်ရှိရာ ကမ္ဘောဇ Group မှ ဆောက်လုပ်လှူဒါန်းမည့် အဆောက်အဦပုံစံအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ကမ္ဘောဇ Group မှ လှူဒါန်းပြုပြင်ပေးခဲ့သော မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံအဆောက်အဦများကို လှည့်လည်ကြည့်ရှုပြီးနောက် ပြည်နယ်ဝန်ကြီးက တိုက်နယ်ဆရာဝန်၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအား ပြည်သူလူထုကျန်းမာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား အသိအမှတ်ပြုပါကြောင်းနှင့် ဆက်လက်၍ ညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက် ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)