စစ်တွေ ဇူလိုင် ၃၁
သဲဖြူတောရနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ တိုင်းရင်းဆေးများလှူဒါန်းခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် မြတ်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတို့၌ကျင်းပရာ သဲဖြူတောရဓမ္မ ရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး၊ ရန်ကုန်မြို့၊ (၁၈) မိုင်တောရဓမ္မရိပ်သာဆရာတော်၊ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများ၊ သံဃာတော်အရှင် သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ပူဇော်ကြသည်။
ဦးစွာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ယာယီနေရပ်စွန့်ခွာ စုရပ်များရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း အခမ်းအနားကို လောကာနန္ဒာစေတီတော်မြတ်ကြီး၌ကျင်းပရာ အခမ်းအနားကို ကြွရောက်တော် မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ ဖွင့်လှစ်ကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ပြည်နယ်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်ကြတော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ရခြင်းနှင့် စပ်လျဉ်း၍ မိန့်ကြားပြီး သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒမထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက ကျောင်းတိုက်အသီးသီးတွင် ဝါဆိုဝါကပ် တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့်နဝကမ္မအလှူငွေများကို လှူဒါန်းပြီး ယာယီနေရပ်စွန့်ခွာစုရပ်များမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းပေးကာ အလှူရှင်များက တိုင်းရင်းဆေးများနှင့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းကြသည်။
ဆက်လက်၍ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များသည် လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ တည်ထားပူဇော် လျက်ရှိသည့် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူတို့အား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး လောကာနန္ဒာစေတီတော်ရင်ပြ၌ နေပူခံကျောက်ပြားများ ခင်းကျင်းထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ် များလှူဒါန်း ခြင်းနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွေရာများနှင့် တိုင်းရင်းဆေးများ လှူဒါန်းရာ ပြည်နယ်ပညာရေးမှူး နှင့်ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများက လက်ခံရရယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်ကြီးများထံသို့ နဝကမ္မအလှူငွေများ လှူဒါန်းကြ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား ချီးမြှင့်၍ ရေစက်ချအမျှပေးဝေးခဲ့ကြသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး