တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် KM 577-KM577.5 ကြား နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းမြေပြိုကျမှုဖြစ်ပွား

တုံတာ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ - ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး  ရဲစခန်းအရှေ့ဘက် ကိုက် (၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နန့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး  ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀)ခန့်မှာ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြိုကျသွားကြောင်း သိရသည်။

အဆိုပါ မြေပြိုကျသောနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်၊ တုံတာနယ်မြေရဲစခန်းမှ စခန်းမှူး ဦးစိုင်းဖြိုးသီဟထွန်း၊ အမှတ်(၃၅၈)တပ်မှ ဒုတိယဗိုလ်မှူးကြီး ဝင်းသက်ခိုင်တို့က လာရောက်ကြည့်ရှုခဲ့ကြပြီး လမ်းအထူး (၃)နှင့်ချိတ်ဆက်ကာ ဖြတ်သန်းသွားလာသော လူ၊ မော်တော်ယာဉ်များ အန္တရာယ်မရှိစေရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြတ်မွန်(ပြန်/ဆက်)