ကျောက်တလုံးကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်း စိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိ

ကျောက်တလုံးကြီး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၂၅၊ ၂၇၊ ၂၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မိုးစပါးနှင့် အစေ့ထုတ်ပြောင်းစိုက်ခင်းများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိသော ဒေသများအား ဇူလိုင်လ ၂၉ ရက်နေ့က ကွင်းဆင်းကြည့်ရှု ရာ  ကက္ကူကျေးရွာအုပ်စုရှိ အစေ့ထုတ်ပြောင်း (၂) ဧက၊ အသုံးတော်ကျေးရွာအုပ်စုနှင့် နားဟီးကျေးရွာ အုပ်စုတို့တွင် တောင်ကျချောင်းရေကြောင့်လည်းကောင်း၊ နမ့်တဘက်ချောင်းရေလျှံမှုကြောင့်လည်းကောင်း အသုံးတော်ကျေးရွာအုပ်စုတွင် နွေစပါး (၁၀၃) ဧကနှင့် မိုးစပါး (၃၅၃) ဧက၊ ပေါင်း (၄၅၆) ဧက၊ နားဟီးကျေးရွာ အုပ်စုတွင် နွေစပါး (၁၅) ဧကနှင့် မိုးစပါး (၃၄) ဧက၊ ပေါင်း (၄၉) ဧက စုစုပေါင်း နွေစပါး၊ မိုးစပါးနှင့် အစေ့ထုတ်ပြောင်း(၅၀၇) ဧက ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေနစ်မြုပ်လျက်ရှိသော ပြောင်းဧကများနှင့် စပါးဧကများသည် ယခုအခါ ကျောက်တလုံးကြီးမြို့၌ မိုးများသည်းထန်စွာ ရွာသွန်းခြင်းမရှိတော့၍ ပျက်စီးဆုံးရှုံမှု မရှိသေးကြောင်းနှင့် မိုးများဆက်လက်ရွားသွန်းပါက ပျက်စီးနိုင်ပါကြောင်း သိရသည်။

ဇော်နိုင်လင်း