ညောင်ရွှေမြို့ အနိမ့်ပိုင်းလူနေရပ်ကွက်အချို့နေရာများ၌ ရေဝင်ရောက် ရေဘေးသင့်ပြည်သူအချို့ ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်

ညောင်ရွှေ ဇူလိုင် ၃၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သာစည်ရပ်ကွက်၊ ကန်သာရပ်ကွက်၊ ဝင်းရပ်ကွက်၊ မြို့လည်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ယာယီကူညီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်သည် ရှမ်းကုန်းမြင့်ဒေသတွင် အနိမ့်ပိုင်း၌တည်ရှိပြီး ပတ်ဝန်းကျင်ဒေသများဖြစ်သည့် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးဒေသများတွင် မိုးသည်းထန်ပါက အဆိုပါ မိုးရေများသည် အနိမ့်ပိုင်းရှိ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းသို့ စီးဝင်ပြီးအင်းလေးကန် ရေပြင်မြင့်တက်၍ ညောင်ရွှေမြို့နှင့် အချို့ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ယခုနှစ်တွင် မိုးဦးကာလကောင်းပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု အနည်းငယ်ဖြစ်ပေါ်လျက်ရှိ၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိသည့်အတိုင်း ရေဘေးသင့် အိမ်ထောင်စု (၄၇)စု လူဦးရေ ကျား (၇၈) ဦး၊ မ (၈၁) ဦး စုစုပေါင်း (၁၅၉) ဦးအား ယာယီကူညီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

စိုင်းအယ်ဘဲ