မိုင်းခတ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းက နမ့်လွေချောင်းရေမှတစ်ဆင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းသွားလမ်းမပေါ်သို့ ရေကျော်ခဲ့ရာ ယနေ့နေ့လယ်ပိုင်းအချိန်တွင် ရေများပြန်လည်ကျဆင်း၍ ခရီးသွားပြည်သူများ၊ ယာဉ်ကြီး၊ ယာဉ်ငယ်များ ယခင်အတိုင်း ပြန်လည်သွားလာ၍ရပြီဖြစ်ကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းမိုင်တိုင်အမှတ် 74 KM နှင့် 75 KM အကြား လမ်းအရှည်ပေ(၃၀၀)ခန့်ရှိ လမ်းမပေါ်သို့ ရေ(၄)ပေခန့်နှင့် 74.5 KMနှင့် 75 KM အကြားလမ်းအရှည်ပေ(၆၀၀)ခန့်ရှိ လမ်းမပေါ်သို့ ရေ(၄.၅)ပေခန့် မြင့်တက်လာမှုကြောင့် ဇူလိုင်(၂၇)ရက်နေ့ ညနေပိုင်းနှင့်(၃၀)ရက်နေ့နံနက်ပိုင်းအချိန်တို့တွင် မော်တော်ယာဉ်သွားလာမှုများ ခေတ္တရပ်နားထားခဲ့ရသည်။
အဆိုပါ လမ်းရေကျော်မှုတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်တို့၏ စီမံမှုဖြင့်အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စက်တပ်လှေငယ်များဖြင့် ခရီးသွားပြည်သူများ၊ မော်တော်ဆိုင်ကယ်များအား သယ်ယူပို့ဆောင်ပေးလျက်ရှိရာ ချောင်းရေများပြန်လည်ကျဆင်းသွား၍ ယနေ့နေ့လယ် (၁)နာရီခွဲအချိန်တွင် ယခင်အတိုင်းယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ ပြန်လည်ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)