ပင်းတယ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာတွင် ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပွါးခဲ့သည့်နေရာများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွှဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါမိုးရွာသွန်းမှုကြောင့် ကုန်းစောင်းကျေးရွာရှိ ရေထဲမျှောပါ သွားသည့်နေအိမ်များမှ ကျေးရွာနေပြည်သူများ ယာယီနေထိုင်လျက်ရှိသည့် သိမ်ကုန်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှပေးအပ်သည့်ပစ္စည်းများကို ၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုအတွင်း အိမ်ခြေ ၂၃ ပျက်စီးခဲ့ပြီး သေဆုံး ၈ ဦး ဒဏ်ရာရ ၆ ဦးဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး