ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပင်းတယမြို့နယ်အတွင်းရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပင်းတယ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများ ရေကျော်ခြင်း တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှုကြောင့် လူနေအိမ်အချို့မျှောပါခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းကြည့်ရှု၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား တောင်ပေါ်ရှိ ဈေးဆိုင်ခန်းများပြိုကျ ပျက်စီးနေမှု ဈေးဆိုင်ခန်းပေါ်သို့ သစ်ပင်/သစ်ကိုင်းများပိကျနေမှုကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု၍ အစားအသောက်နှင့် ရေသန့်များပေးဝေခြင်း၊ ဆက်လက်၍ တပ်ကြီးကျေးရွာနှင့် သိမ်ကုန်းကျေးရွာချင်းဆက် တံတားပြိုကျပျက်စီးနေမှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း တံတားပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုပြီး အစားအသောက်နှင့် ရေသန့်ဗူးများ ပေးအပ်ခြင်း၊ သိမ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်လျက်ရှိသည့် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိရာ ကုန်းစောင်းကျေးရွာမှ တောင်ကျရေနှင့် မျှောပါပျက်စီးခဲ့သည့် အိမ်ထောင်စု ၁၈ စုအတွက် အစားအသောက်နှင့်ရေသန့်ဗူးများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း ၃၀ ကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ထောက်ပံ့ပေးအပ်ပြီး ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီးမျှောပါခဲ့သည့် အိမ်ထောင်စု ၁၈ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါသည့် ပုံး ၁၈ ပုံးကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆိုပါဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးမှ ဦးဆောင်၍  ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဖွင့်လှစ်ထားရှိပေးကြောင်း သိရသည်။

အောင်ကိုဦး