မိုးနဲ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မွေးမြူရေးဆိုင်ရာသင်တန်းကို မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာအောင်လင်းက ကျွဲ၊ နွား ကူးစက်ရောဂါများအကြောင်း၊ ကြက်၊ ဝက်တို့တွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ကုသနည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ကို သင်ကြားပို့ချခဲ့ပြီး ကျေးရွာနေအိမ်ထောင်စု ၂၀ အတွက် အိမ်ထောင်စုတစ်စုလျှင် ကြက်သားပေါက်ငါးကောင်နှုန်းဖြင့် ကြက်အကောင်ရေ ၁၀၀ ပေးအပ်နိုင်ရေးအအတွက် ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)