ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအထွဋ်စေတီတော် ရွှေသင်္ကန်းကပ်လှူနိုင်ရေး ရွှေအရည်အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်

ညောင်ဦး ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာမြတ်စွာဘုရား  အထွဋ်စေတီတော်ရွှေသင်္ကန်းကပ်လှူနိုင်ရေး တင်ဒါအောင်ရွှေလုပ်ငန်းရှင်များတင်သွင်း သည့် ရွှေဆိုင်းများ အရည်အသွေးစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန် အာနန္ဒာဘုရား ဂေါပကရုံးခန်းတွင် ရွှေပညာရှင်များ၊ ရွှေအရည်အသွေး စစ်စက်ဖြင့်ရွှေဆိုင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေအရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အာနန္ဒာဘုရားကြီး အထွဋ်စေတီရွှေသင်္ကန်း ကပ်လှူနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာသည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းကော်မတီဝင်များက တင်ဒါအောင်ရွှေလုပ်ငန်းရှင်များ တင်သွင်းသည့် မျက်ပါးရွှေဆိုင်းများအား ရွှေပညာရှင်များ၊ ရွှေအရည်အသွေးစစ်စက်တို့ဖြင့် စစ်ဆေးကြသည်။ အာနန္ဒာမြတ်စွာဘုရားကြီးကို အေဒီ ၁၁ ရာစုတွင် ကျန်စစ်သားမင်း ကြီးကတည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါ ကွမ်းတောင်တော်၊ အထွဋ်စေတီ၊ မုခ်ကပ်ဆင်းတုတော် (၂၀)နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ရွှေဆိုင်းများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မျက်ပါးရွှေဆိုင်း (၂၅၀၂)ဆိုင်းကပ်လှူမည်ဖြစ်ရာ ၂ လက်မပတ်လည်ရွက်ရေ (၁၀၀) ပါ တစ်ဆိုင်းလျှင် (၃၀၇၀၀၀) ကျပ်ဖြင့် အာနန္ဒာဘုရားဂေါပကသို့ တိုက်ရိုက်ဖြစ်စေ၊ အာနန္ဒာဘုရား ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချို KBZ Pay ဖုန်း ၀၉-၂၀၄၂၉၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း