ဝမ်းတွင်းမြို့နယ်တွင် Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ(10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

မိတ္ထီလာ ဇူလိုင် ၃၀

ဝမ်းတွင်းမြို့နယ်တွင် Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ (10- Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက်က ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာအုပ်စု နတ်နန်းကျေးရွာ ဦးပိုင်အမှတ် ၇၀၊ ကွင်းအမှတ် ၁၄၂၁ရှိ တောင်သူ  ဦးဝင်းနိုင်ဦး၏ လယ်မြေဧက နှစ်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံတောင်သူများ စပါးမျိုးစေ့ချ ကိရိယာကို တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာ ကျော်လွှာနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ကြဲခင်းစိုက်ဧကများ လျော့ချစေရန် ရည်ရွယ်၍  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ (10-Rows Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပရာ ၎င်းသရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးသက်ထက်ဇော်က Kubota ကောက်စိုက်စက်နှင့် တွဲဖက်အသုံးပြုသည့် စပါးမျိုးစေ့ချကိရိယာ (10- Rows Seeder) အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စက်ပိုင်းဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးရာတွင်  သတိပြုရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်၊

အဆိုပါ သရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် ၀မ်းတွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မိတ္ထီလာခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်ဦးစီးဌာနမှူးများ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်ဒေသခံတောင်သူများက သရုပ်ပြပွဲနှင့်အတူ ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် လက်ဆွဲကောက်စိုက်စက်၊ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ၊ Kubota ကောက်စိုက်စက် ကိရိယာများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)