မိတ္ထီလာမြို့မဈေးကြီးအတွင်း၌ စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၃ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်စည်ပင်သာယာအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲတွင် ဦးစွာ ဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့်ဈေးဝယ်လာသူများအား  စွန့်ပစ်အမှိုက်ခွဲခြားစွန့် ပစ်မှုဆိုင်ရာများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက အသိပညာပေးပြောကြားသည်။ ထိုနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်က စွန့်ပစ်အမှိုက် ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားသည်။ ထိုနောက် မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများများနှင့်ဈေးဝယ်လာသူများက ဘေးအန္တရာယ်ရှိအမှိုက်၊ အမှိုက်ခြောက်၊ အမှိုက်စိုနှင့် ပလတ်စတစ်အမှိုက် အမှိုက်လေးမျိုးကို  အရောင်ခွဲခြားသတ်မှတ်ထားသည့် အမှိုက်ပုံးများတွင် လက်တွေ့ပါဝင်စွန့်ပစ်ခြင်းကို ပြုလုပ်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲပို့ တက်ရောက်လာကြသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက ပေးဝေခဲ့ကြောင်း သိရသည်။

ချမ်းသာ