မိုင်းယုမြို့၌ မိုးအစေ့ထုတ်ပြောင်းများ စတင်ရိတ်သိမ်းခူးဆွတ်

မိုင်းယု ဇူလိုင် ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူတို့၏ မိုးဦးစိုက် အစေ့ထုတ်ပြောင်းများ ရင့်မှည့်လာ၍ အထွက်နှုန်းနှင့် အမြတ်များများရရှိရန်အတွက် ယခု ဇူလိုင်လ နောက်ဆုံးပတ်ကစတင်၍ ရိတ်သိမ်း ဆွတ်ခူးနေကြပြီဖြစ်ကြောင်း သိရသည်။

မိုင်းယုဒေသတွင် ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး ပြောင်းမျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများကို သာအဓိက အားထားစိုက်ပျိုးကြကြောင်း၊ တောင်သူတို့ မိုးအစေ့ ထုတ်ပြောင်းများကို ဧကများစွာ စိုက်ပျိုးထားလျက်ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် သားရဲတိရိစ္ဆာန်တို့၏ ဘေးအန္တရာယ်ကို ကျရောက်မှုနည်းပါးစေရန်အတွက် သော်လည်းကောင်း၊ အထွက်နှုန်းများများရရှိရန်နှင့် အမြတ်ငွေများများ ရရှိရန်အတွက်သော်လည်းကောင်း၊ မိုးကျပျက်စီးမှု နည်းပါးစေရန်အတွက်လည်းကောင်း တောင်သူတို့ အလျင်အမြန်ရိတ်သိမ်း ခူးဆွတ်နေကြရကြောင်း သိရသည်။

မိုင်းယုမြို့၏ ၂၀၂၄ခုနှစ်၊ နောက်ဆုံးဆောင်းရာသီစိုက် အစေ့ထုတ်ပြောင်း အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၅၂၈ကျပ် (တရုတ်ယွမ် ၁ ယွမ် ၃ ကျော့) ထိရရှိပြီး ကီလို ၅၀ပါ တစ်အိတ်လျင် ၂၆၄၀၀(တရုတ်ယွမ် ၆၀ ယွမ်) ကျပ်ရရှိခဲ့ကြောင်းနှင့် မိုင်းယုဒေသရှိ တောင်သူများမှာ မိမိတို့ တောင်ယာခြံမြေများတွင် ရာသီအလိုက် စီးပွားဖြစ် ပြောင်း၊ ဖရုံ၊ ငရုတ်နှင့် ပဲတောက်ရှည်များကို အဓိကအားထားစိုက်ပျိုးလျက်ရှိပြီး တစ်ပိုင်တစ်နိုင် အသီးအနှံများ ဖြစ်သည့် ကြက်သွန်၊ ပဲပုတ်၊ မြေပဲ၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ရွှေပဲရွက်၊ သခွာပင်နှင့် ခရမ်းချဉ်တို့ကို အနည်းငယ်စီစိုက်ပျိုးကာ ဒေသတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်