ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ဒဂုံအရှေ့ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာအမှာစကား‌ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း‌ဒေသကြီး၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြူဖြူက သွေးလွန်တုပ်ကွေးအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ၊ ခြင်ကျားလောက်လမ်း တွေ့ရှိရာနေရာများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လမ်းနှိမ်‌နင်းရေး နည်းလမ်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းလမ်းညွှန်ချက် စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်း ဒဂုံတက္ကသိုလ် မောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြူဖြူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်းကြည်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေမဉ္ဇူ