သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျိုက်အင်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူနေအိမ်(၁၇၀)ကျော်တွင် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၉

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျိုက်အင်းကျေးရွာ၌ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ထွန်းဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၊ နေပြည်တော်မှ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်တို့ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ကျိုက်အင်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူနေအိမ်(၁၇၀)ကျော်တွင် ခြင်ဆေးမှုတ်ခြင်း၊ နေအိမ်များ၊ ရေတွင်း/ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၊ စျေးဆိုင်များတွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)