သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

သာကေတ ဇူလိုင် ၂၉

သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အမှူးပြုသော သံဃာတော်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဧည့်ပရိတ်သတ်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံ ရေစက်သွန်းချအမျှအတန်း ပေးဝေခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အမှူးပြုသောသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)