တိုက်ကြီး ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမြသန်းတင့်ရေးသားသည့် ဧကရီဖွားစောစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က Never Stop Learning Talk Show ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာမြသန်းတင့် ရေးသားသည့် ဧကရီဖွားစောစာအုပ်မှ ဖွားစောသည် ကျေးတောသူဖြစ်လင့်ကစား ဉာဏ်အမြော်အမြင်ကြီးမားပုံ၊ သစ္စာစောင့်သိရိုသေပုံ၊ နိုင်ငံရေးအမြော်အမြင်ကြီးပုံတို့ကို ဦးဆောင်ဆွေးနွေးရာ Women Club အဖွဲ့ဝင် ဒေါ်ခင်ရဲရင့်၊ ဒေါ်နန်းခင်မာရွှေနှင့် ဒေါ်ထက်ဧကရီအောင်တို့က ဧကရီဖွားစော၏ ပါးနပ်လိမ္မာပုံ၊ ကြင်နာသနားတတ်ပုံနှင့် ကျေးတောသူမတစ်ယောက်က မြန်မာ့သမိုင်းတွင် မည်မျှအရေးပါသည့် ဆောင်ရွက်ချက်များ လုပ်ဆောင်ခဲ့ပုံများကို ဖြည့်စွက်ဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသည့် Women Club အဖွဲ့ဝင်များမှ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)