ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင် တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ

အင်းစိန် ဇူလိုင် ၂၉

ပို့ကုန်တင်ပို့မှုအတွက် ကြိတ်ခွဲထုတ်လုပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင်တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကို မန်နေ့ နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေဝါရောင်ဆန်စက်တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားရာ ဆိုလာစွမ်းအင်အသုံးပြုခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားညစ်ညမ်းသည့် ဓာတ်ငွေ့များ ထုတ်လွှတ်မှုမရှိခြင်းကြောင့် ခေတ်မီသော စက်ရုံအဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအပေါ် အလေးထားဆောင်ရွက်ရာ ရောက်ပါကြောင်း၊ ဆိုလာတပ်ဆင်ပြီး လျှပ်စစ်လိုအပ်မှုကို အသုံးပြုခြင်းသည် အခြားပြည်သူများအတွက် လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးရာ ရောက်ခြင်းကြောင့် အခြားတစ်ဦးတစ်ယောက်တစ်နေရာကို အလင်းရောင်ပေးနိုင်စွမ်းရှိကြောင်းစသည်တို့ကို ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပို့ကုန်တင်ပို့မှုအခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်များတွင် ဆိုလာစွမ်းအင်ထုတ်လုပ်သုံးစွဲမှုအခြေအနေနှင့် ရွှေဝါရောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုလာစွမ်းအင်ထုတ်လုပ်သုံးစွဲမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြသထားသည့် ပြည်ပသို့တင်ပို့နေသည့် ဆန်အမျိုးအစားများ၊ လျှပ်စစ်စွမ်းအား ပြောင်းလဲပေးသည့် ကိရိယာနှင့် ရွှေဝါရောင်ဆန်စက်တွင် မူလအသုံးပြုနေသည့် လျှပ်စစ်အပြင် ဆိုလာ 615 W (၉၇၂) ချပ်ဖြင့် Power 598kWp/ 500kW Inverter System တပ်ဆင်အသုံးပြုပြီး လုပ်ငန်းထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က Shwe Ma Naw Myay Trading Co.,Ltd ဆန်စက်တွင် ကုန်တင်ကုန်ချ ဆိပ်ကမ်း၊ မူလအသုံးပြုနေသည့် လျှပ်စစ်အပြင် ဆိုလာစနစ်ဖြင့် AC Power 300kW တပ်ဆင်အသုံးပြုရန် လျာထားပြီး ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း၊ သမာဓိဆန်စက်တွင် မူလအသုံးပြုနေသည့် လျှပ်စစ်အပြင် ဆိုလာ 700W (၃၈၄)ချပ်ဖြင့် DC Power 268.8 kWp/ AC Power 200kW တပ်ဆင်အသုံးပြုပြီး လုပ်ငန်းထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့်ကိုလည်းကောင်း လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)