ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ (၂) ချပ်တွဲ (၆) လက်မရေတင်ပန့်နှင့်

အင်းစိန် ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ သမဝါယမစနစ်ဆိုသည်မှာ စိတ်ဆန္ဒ၊ ရည်ရွယ်ချက်တူညီသူများ စုပေါင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့စနစ်တစ်ခုဖြစ်သည်ကို တွေရပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းအတိုင်း မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေအရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သမဝါယမစနစ်ဆိုသည်မှာ တစ်ဦးချင်း၏ လူမှုရေး၊ စီးပွားရေးလိုအပ်ချက်များကို အများဆန္ဒနှင့်အညီ အတူတကွပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးကို အားလုံးက တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်နှင့် တောင်သူများ၏ လိုအပ်သည့် အထွက်တိုးစပါးမျိုးနှင့် သွင်းအားစုများကို အချိန်မီပေးအပ်ထားပြီး ဖြစ်သည့်အတွက် နည်းစနစ်မှန်ကန်စွာဖြင့် အသုံးပြု၍ စိုက်ပျိုးရေးနည်းပညာများကို အခြေခံကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် စက်ကိရိယာများကိုလည်း သမဝါယမစနစ်ဖြင့် စုပေါင်းဝယ်ယူပြီး ဆောင်ရွက်သည့်စနစ်ဖြင့်ဆောင်ရွက်ပါက တစ်ဦးချင်းဆောင်ရွက်ခြင်းထက် ပိုမိုကောင်းမွန်ပါကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ တာဝန်ရှိသူများနှင့် တောင်သူများအား သွင်းအားစု၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်၊ ဆိုလာ(၂)ချပ်တွဲ(၆) လက်မရေတင်ပန့်များနှင့် သက်တံရောင်သမဝါယမလူမှုစီးပွားစီမံကိန်းရွာအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က ပြသထားသည့် စိုက်ပျိုးရေးသုံးသွင်းအားစုများ၊ စိုက်ပျိုးရေးသုံးစက်ပစ္စည်းများနှင့် ဆိုလာများစသည်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)