တာချီလိတ် ဇူလိုင် ၂၉
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာချီလိတ်မြို့ ရေကြီးရေလျှံမှုနှင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ဇူလိုင် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းက စိုးရိမ်ရေမှတ်အထက်(၆)ပေကျော်သို့ ရောက်ရှိခဲ့ကာ မြို့ပေါ်ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဝေသုံနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ လိုက်လံ ဝေငှပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တံတားများတွင် တင်ခံနေသော အမှိုက်သရိုက်များအား စက်ယန္တရားနှင့် လူအင်အားများဖြင့် ရှင်းလင်းဖယ်ရှားဆောင်ရွက်နေမှုနှင့် အောင်မြတ်ခန်းမတွင် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှုတို့ကို ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)