မြစ်ကြီးနား ဇူလိုင် ၂၉
ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျောမှုအဖွဲ့များ၊ လူမှု ကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့ ဒေသတွင်းပြည်သူများအတွက် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဘက်ပေါင်းစုံမှ ထောက်ပံ့ကူညီအားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ အားကစားကဏ္ဍများ အဆင့်အတန်းမြင့်မားရေးနှင့် တိုးတက်ရေးကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများအားလုံးက မိမိတို့နှင့်အတူအတူလက်တွဲပြီး ဝိုင်းဝန်းကြိုးစား ကြရမည် ဖြစ်ပါကြောင်း၊ ဟိုပင်ဒေသအနေဖြင့် အချက်အခြာကျသောနေရာတွင်တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်ရန် အားလုံးက စည်းစည်းလုံးလုံးဖြင့် တညီတညွတ်တည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြို့မိမြို့ဖများနှင့် စာပေယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှီုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဟိုပင်မြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့ (၅) ခုတို့အတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ အား ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး က ကချင်ရိုးရာနှင့် ရှမ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့များအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ ကြာကြီးကွင်းကျေးရွာ ကွန်ကရစ်လမ်းဆောင်ရွက်နိုင်ရေးအတွက် ငွေကျပ်သိန်း ၂၀ ကို လည်ကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇောတိကုန်းကျေးရွာအုပ်စု၊ နှုံးချိုကျေးရွာသို့သွားရောက်ပြီး ကွင်းအမှတ် ၂၁၇ ၊ နှုံးချိုကွင်း ဧရိယာ ၇၄၅ ဧကအတွင်းရှိ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံကာ ဒေသခံတောင်သူများက ကွင်းအတွင်းကုန်ထုတ်လမ်း လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကိုတင်ပြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်အနေဖြင့် ဒေသတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးခရိုင်တစ်ခုဖြစ်ပါကြောင်း၊ သို့သော်လည်း ခေတ်နှင့်အညီ ရာသီဥတုပြောင်းလဲမှုနှင့် ခေတ်မီစနစ်ကျသော စိုက်ပျိုးမှုစနစ်ကို ပြောင်းလဲကျင့်သုံးပြီး သွင်းအားစုများကို အချိန်ကိုက်အချိုးကျ ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် အထွက်နှုန်း ပိုမိုတိုးတက် မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တောင်သူအကျိုးစီးပွား ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးတို့က တောင်သူများအတွက် ရွက်ဖျန်းအားတိုးစေးများ၊ သဘာဝမြေဩဇာများနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များကိုလည်းကောင်း၊ ရွာသစ်ကြီးကျေးရွာ အခြေခံပညာကျောင်း ဘင်ခရာအဖွဲ့အတွက် ဝတ်စုံစာရိတ်အဖြစ် ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ ကွင်းအတွင်းရှိ တောင်သူဦးအောင်သန်း၏ မိုးစပါးစိုက်လယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနက တောင်သူအသိ ပညာပေးဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ရောစပ်ပက်ဖြန်းခြင်း ကွင်းသရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်ပံ့ပိုးပေးမှုဖြင့် တစ်ရက်လျှင် တန် ၃၀ မှ တစ်ရက်လျှင် တန် ၆၀ အထိ အဆင့်မြှင့်တင်လည်ပတ်ထုတ်လုပ်နိုင်ခဲ့သည့် ပိုင်ရှင်ဒေါ်တင်တင်မိုး၏ ချမ်းမြေ့စည်ဆန်စက်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆန်စက်၌ လည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေများအပေါ် လိုအပ်သည်များ ထပ်မံဖြည့်ဆည်းကူညီပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တကွင်းကျေးရွာ အတွင်း၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်ပံ့ပိုးပေးမှုဖြင့် ဆီစက်များ ပြင်ဆင်တိုးချဲ့ လုပ်ကိုင်ပိုင်ရှင်ဦးထွန်းမောင်၏ လပ်ကီးရှမ်းဆီစက်သို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကုန်းကြမ်းရရှိမှု၊ ဒေသတွင်းထွက်ရှိသည့် ဆီထွက်သီးနှံများ ကြိတ်ခွဲပေးနိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် အင်းလေးကျေးရွာအုပ်စုပိုင် အာလံဘိုအနောက်ကွင်းအတွင်းရှိ မိုးစပါးစိုက် လယ် ၂၁၆ ဧကအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိ တောင်သူများနှင့် ရင်းရင်းနှီနှီးတွေ့ဆုံကာ ကုန်ထုတ်လမ်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်ချက်များတင်ပြမှုများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအတွက် ရွက်ဖျန်းမြေဩဇာအိတ်များ၊ မျိုးစေ့အိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ တောင်သူဒေါ်ကျင်ပေါင်း၏လယ်၌ တောင်သူအသိပညာပေး ရွက်ဖျန်းမြေဩဇာကြဲပက်ခြင်း သရုပ်ပြသပွဲအား တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အကျိုးဆောင်တောင်သူများအတွက် မျိုးစေ့ချကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။၊
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါကျေးရွာရှိ မူလတန်းလွန်ကျောင်းသို့ရောက်ရှိပြီး မူလတန်းကျောင်းအဆင့်မှ မူလတန်းလွန်ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့မှု အပေါ် ကျောင်းအကျိုးဆောင်များ၊ ရပ်မိရပ်ဖများစုပေါင်း၍ တိုးချဲ့စာသင်ဆောင်သစ်တည် ဆောက်ရာတွင် အပြည့်အဝတည်ဆောက်ပြီးစီးရေးအတွက် ကြိုးစားဆောင်ရွက်နေမှုအပေါ် ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပြီးစီးအောင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း လျှပ်စစ်မီးမရရှိသည့် နေအိမ်များ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (ဟိုပင်) အတွက် သောက်သုံးရေရရှိရေး ဆိုလာရေတင်စနစ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် ကုန်ကျငွေကျပ် ၇၅ သိနိးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)