မိုင်းယုမြို့၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်း၍ ရေဝင်ရောက်ခဲ့သည့် ချောင်းဘေးနေအိမ်များ သန့်ရှင်းရေးပြန်လည်ပြုလုပ်

မိုင်းယု ဇူလိုင် ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေအိမ်များသို့ ရေများဝင်ရောက်ခဲ့ရပြီး ဇူလိုင် ၂၈ ရက်နေ့ ညနက်ပိုင်းအချိန်၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်း၍ ယနေ့နံနက်ပိုင်းတွင် ရေဝင်ရောက်သည့် ချောင်းဘေးနေအိမ်များကို သန့်ရှင်းရေးဝိုင်းဝန်းပြုလုပ်နေကြသည်။

ရေကြီးမှုကြောင့် ရေဝင်ရောက်သည့် ဌာနဆိုင်ရာရုံးများနှင့် နေအိမ်များရှိ နှုန်းများ၊ အမှိုက်များနှင့် ရေများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မိုင်းယုမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းဘေးနေထိုင်သည့် အိမ်ထောင်စု (၃၅) စုအနက်မှ‌ အိမ်ထောင်စု (၂၂) စုအိမ်သို့ ရေဝင်ရောက်ခဲ့ရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း၊ ယခု ဇူလိုင် ၂၉ ရက်နေ့တွင် ချောင်းရေများ ပြန်လည်ကျဆင်းခဲ့၍ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စုနေအိမ်များကို စုပေါင်းဝိုင်းဝန်းသန့်ရှင်းရေးများ ပြုလုပ်ပေးနေကြကြောင်းနှင့် ချောင်းရေကျဆင်းခဲ့သော်လည်း မည်သည့်အချိန်ခါ၌ မိုးရွာသွန်းကာ ချောင်းရေများ ပြန်လည်တက်လာမည်ကို ချောင်းဘေးနေထိုင်သည့် ဒေသခံများ စိုးရိမ်နေရသေးပါကြောင်း ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများက ပြောသည်။

ကိုကိုနိုင်