ဘိုကလေး ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းထွေးမွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဘိုကလေးမြို့မ စခန်းမှူး ဒုရဲမှူးကျော်ဦး၊ ဖျာပုံခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တာဝန်ခံ ရဲအုပ်အောင်ထွန်းဦး၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၃၀၀) ကျော်တက်ရောက်ကြပြီး ဟောပြောပွဲတွင် ဘိုကလေးမြို့မစခန်းမှူး ဒုရဲမှူးကျော်ဦးက မူးယစ်ဆေးဝါး၏ အန္တရာယ်များနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်ဖောက်ကားမှုတို့နှင့် ပတ်သတ်သည့် ဥပဒေအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ၊ ဖျာပုံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတာဝန်ခံ ရဲအုပ်အောင်ထွန်းဦးက လူကုန်ကူးမှုစတင်ပေါ်ပေါက်ခဲ့သည့် သမိုင်းကြောင်းများ၊ လူကုန်ကူးမှု အထမြောက်စေသည့် ကိစ္စရပ်များ၊ လူမှုအသိုင်းအဝိုင်း၌ ဖြစ်လေ့ဖြစ်ထရှိသည့် လူကုန်ကူးမှု ဖြစ်စဉ်များ၊ လူကုန်ကူးမှုနှင့် ပတ်သတ်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအား ရှင်လင်းဆွေးနွေး အသိပညာပေး ဟောပြောခဲ့ပြီး လူကုန်ကူးမှုနှင့်ပတ်သတ်သည့် အသိပညာပေးဇာတ်လမ်းဗီဒီယိုအားပြသခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)