ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတက်ရောက်၊ မြစ်ကြီးနားမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြစ်ကြီးနားမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်း တိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမျိုးဝင်းက အဆင့်မြင့်မိလ္လာသိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းတိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းအချက်အလက်များ၊ ဆောင်ရွက်ပြီးစီးသည့် မိလ္လာစုကန်၊ မိလ္လာစစ်ကန်များနှင့် ဆောင်ရွက်သွားမည့် မိလ္လာစုကန်၊ မိလ္လာစစ်ကန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းနှင့် တပ်ကုန်းရပ်ကွက်ရှိ မြစ်ဖျားဧရာကားကြီးကွင်းတို့တွင် မော်တော်ယာဉ်များ စနစ်တကျ ရပ်နားထားရှိမှုအခြေအနေနှင့် ကားကြီးကွင်းအတွင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းလှည့်လည်ကြည်ရှုစစ်‌ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အဆင့်မြှင့်မိလ္လာသိမ်းဆည်းခြင်းနှင့်စွန့်ပစ်ခြင်းလုပ်ငန်းတိုးတက်ကောင်းမွန်စေရေးအတွက် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ပိုင် အေးမြသာယာရပ်ကွက်ရှိ မိလ္လာစုကန်၊ မိလ္လာစစ်ကန် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ဆောင်ရွက်လျက်ရှိသောအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လျာထားအခြေအနေများအား ကွင်းဆင်းစစ်ဆေးပြီး၊ ရွှေလမ်းမကြီး၊ အေးမြသာယာလမ်းသွယ် (၂)မှ အမှတ် (၃၇) သွားလမ်းတွင် သဲကျောက်ဖြင့် လမ်းသားတာ‌ဘောင် (၂ ပေ ၆ လက်မ)ခန့်မြင့်တင်ပြီး (၈၀၀ ပေ ၃၂ ပေ ၁၅ လက်မ) ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မှီ၍ အချိန်မှီပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)