ရန်ကုန် ဇူလိုင် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်လူထုအခြေပြုဗဟိုဌာနတွင် ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းက ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် မြန်မာစာ၊ မြန်မာစကားစာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် Book Club အဖွဲ့နာယကဆရာကြီး ဦးရန်နောင် (ရန်နောင်-ပညာရေး)၊ ဆရာကြီးဦးတော်မြင့် (တော်မြင့်-ငှက်ဖျား)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းတို့က အမှာစကားများပြောကြားခဲ့ကြပြီး Book Club အဖွဲ့ဥက္ကဋ္ဌ ဆရာဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ- တောင်တွင်းကြီး)က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဆရာကြီးမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် မြန်မာစာ၊ မြန်မာစကား စာအုပ်ပါအကြောင်းအချက်များကို ဆရာဦးဝင်းနွယ်(ဝင်းနွယ်-ပုသိမ်)ကဆွေးနွေးပြီး၊ ဆရာအောင်ငယ်ဆင့်နှင့် ဆရာမရွှေဘုတ်(အင်းစိန်)တို့က ဆက်လက်ဆွေးနွေးခဲ့ရာစာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် Book Clubအဖွဲ့ နာယကဆရာကြီး ဦးသက်တင်(မောင်သာတင့်)နှင့် Book Club အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း)တို့က နိဂုံးချုပ်ဆွေးနွေးအမှာစကားများ ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက် (ပြန်/ဆက်)