Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

အင်းစိန် ဇူလိုင် ၂၉

Carabao Futsal Champion Cup 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းသော်၊ Century Beverage Co.Ltd မှ Manging Director ဦးစိုင်းဝင်းအောင်၊ တာဝန်ရှိသူများနှင့် ပရိတ်သတ်များက ဗိုလ်လုပွဲအဖြစ် MIU FC အသင်းနှင့် Winner Generations FC အသင်းတို့၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ Carabao Futsal Champion Cup 2025 ပွဲစဉ်တွင် တာဝန်ယူခဲ့သော ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများကို အမှတ်တရဆုများအား လည်းကောင်း၊ Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးဆုရရှိသည့် YRG FC အသင်းကို ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုရရှိသည့် Winner Generations FC အသင်းမှ ကျောနံပါတ် (၂၂) မောင်ကျော်ရဲသွေးကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရရှိသည့် Winner Generations FC အသင်းမှ ကျောနံပါတ် (၄) မောင်ထွဋ်ထွဋ်လွင်ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ စတုတ္ထဆုရရှိသည့် TG United FC အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တတိယဆုရရှိသည့် YRG FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် MIU FC အသင်းကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

ယင်းနောက် Carabao Futsal Champion Cup 2025 ပြိုင်ပွဲတွင် ပထမဆုရရှိသည့် Winner Generations FC အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေအား အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်းကောင်း၊ ချန်ပီယံဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)