ကျောက်ပန်းတောင်း ဇူလိုင်၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)ကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီကအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီး ဒေါက်တာရီရီမွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းမြင့်မှ မီးဘေး အန္တရာယ်ကာကွယ်ရေးဆိုင်ရာ စနစ်များအားလည်းကောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဥပဒေ၊ နည်းပဒေများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများနှင့် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောကြားဆွေးနွေးပြီးကျောင်းသား/ကျောင်းသူများကလည်းသိလိုသမျှမေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်နည်း၊မီးငြိမ်းသတ်နည်းသရုပ်ပြသကာ ကျောင်းသား၊ ကျောင်းသူများမှ လက်တွေ့ငြိမ်းသတ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ စက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှကျောင်းအုပ်ကြီးဒေါက်တာရီရီမွန်နှင့် ဆရာ/ဆရာမများ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၂၁၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောင်းဝန်းအတွင်းရှိ အဆောက်အဉီများမီးလောင်မှု/မီးလန့်မှုမဖြစ်ပွားစေရေအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဲသဲ