ဟိုပုံး ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုခြင်းနှင့် တောင်ကျရေအများအပြားကျဆင်းမှုကြောင့် ရေစီးမြောင်းများမှတဆင့် ရေကြီးရေလျှံကာ မြေနိမ့်ပိုင်းကျရောက်သော နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာတွင် စံဖူးကျေးရွာအုပ်စု ကျောက္ကချားကျေးရွာနှင့် ဗန်းစောက်ကျေးရွာ ကျေးရွာချင်းဆက်လမ်း (၅၀)ပေခန့် မြေပြိုကျခြင်း၊ စံဖူးကျေးရွာအုပ်စု၊ ဗန်းစောက်ကျေးရွာလမ်းခွဲမှ နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ထီတန်းလိတ်ကျေးရွာကြား (၁၀၀)ပေခန့် မြေပြိုကျခြင်း၊ ကုန်းကျိုင်းကျေးရွာအုပ်စုရှိ ဟိုတပ်ကျေးရွာတွင် အိမ်ခြေ (၆)လုံး၊ ဟန်လွှဲကျေးရွာတွင် အိမ်ခြေ (၁၈)လုံး၊ ဆီဆုံကျေးရွာတွင် အိမ်ခြေ (၈)လုံး၊ ဝမ်ခွပ်ကျေးရွာတွင် အိမ်ခြေ (၁၅)လုံး၊ တိဟေးကျေးရွာတွင် အိမ်ခြေ (၂) လုံးတို့တွင် နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ နောင်လိုင်မှုဖိတ်ကျေးရွာအုပ်စု ထီတန်းလိတ်-ပန်ခက်လမ်းခွဲနှင့် ထီတန်းလိတ်ရွာအကြား အလျား (၈၀)ပေ၊ အမြင့် (၃၀)ပေနှင့် အလျား (၆၀)ပေ၊ အမြင့် (၃၀)ပေလမ်း မြေထိန်းနံရံမြေပြိုခြင်း၊ ထီတန်းလိတ်ရွာနှင့် လိုင်းကလရွာအကြား အလျား (၃၀) ပေ၊ အမြင့် (၁၂) ပေ မြေထိန်းနံရံမြေပြိုကျခြင်း၊ စငေါကျေးရွာအုပ်စု၊ နမ့်ဟူး-စငေါတံတားအရှည် (၂၀)ပေ၊ အကျယ် (၁၈)ပေ၊ အမြင့် (၆)ပေရှိ တံတားတစ်စင်းပျက်စီးခြင်း၊ နားပုံကျေးရွာအုပ်စု နားပုံကျေးရွာတွင် မိုးစပါး (၁၃၁)ဧကရေမြုပ်ခြင်း၊ စငေါကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာရှိ သစ်သားတံတားအရှည် ၂၅ ပေ၊ အကျယ် ၁၂ ပေ တံတား ချောင်းရေကြီး၍ တံတားအောက်ခြေရေတိုက်စားခြင်း၊ စငေါကျေးရွာအုပ်စု၊ စငေါ-ဒုံလီကောင်သွားလမ်းရှိ အရှည် (၁၈)ပေ၊ အကျယ် (၁၅)ပေရှိ ယာယီသစ်သားတံတား ရေမျောပါပျက်စီးခြင်း၊ ပေါင်လင်းကျေးရွာအုပ်စု လွယ်တန့်ရွာအနောက်ဘက်ရေကြီး၍ စပါး (၁၁)ဧကခန့် ရေမြုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားမှုကြောင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)