ညောင်ရွှေ ဇူလိုင် ၂၉
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမအချို့နေရာများတွင် ရေအနည်းငယ်လွှမ်းကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရေလွှမ်းကျော်မှုဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သာစည်ရပ်ကွက်၊ ကန်သာရပ်ကွက်နှင့် နန္ဒဝန်ရပ်ကွက်များသို့လည်းကောင်း၊ ညောင်ရွှေမြို့အဝင်ရှိ သာစည်ကန်ရေဝင်ရောက်မှုအခြေအနေများကိုလည်းကောင်း၊ ညောင်ရွှေ-ရွှေညောင် ကားလမ်းမပေါ်ရှိ ရေလွှမ်းကျော်လျက်ရှိသည့် နေရာများသို့လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားခဲ့သသည်။
ထို့နောက် သဘာဝဘေး ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေယာဉ် (၃)စီး၊ ဒေသသုံးစက်လှေ (၆)စီးဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ညောင်ရွှေမြို့ပေါ်တွင် အရေးပေါ်ကယ်ဆယ်ရေးယာယီစခန်းများဖြစ်သည့် မြို့မရန်ကုန်ဘုန်းတော်ကြီးကျောင်း၊ ရွှေချမ်းသာဘုရား၊ မဟာရန်အောင်ဘုရား၊ ဖောင်တော်ဆိုက်ဘုရား၊ မြစေတီဘုရားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား အစရှိသည့် ဌာန(၆)ခုကို အဆင်သင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ