ဒဂုံမြောက် ဇူလိုင် ၂၉
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် (၃၅)ရပ်ကွက်နှင့် (၅၀) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် ခြင်များပိုးလောက်လန်းများသည် ရေကြည်ရေသန့်တွင် ပေါက်ပွားနိုင်သဖြင့် ရေသိုလှောင်သည့် ရေစည်၊ အုတ်ကန်များအား အဘိတ်ဆေးခပ်ခြင်း၊ မိမိတို့အိမ်ပတ်ဝန်းကျင်တွင် ခြင်များမခိုအောင်းနိုင်ရန် အမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ မိုးရေတင်ကျန်နေသည့် ခွက်များ၊ တာယာအစုတ်များအား ရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ကြရန် အသိပညာပေးပြောကြားကာ လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်း၍ သတ်မှတ်ရက်များအလိုက် ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ