ကျိုင်းတုံ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျိုင်းတုံစော်ဘွားရုပ်ထုများအား ပန်ကွဲတောင်ဗုဒ္ဓဥယျာဉ်မှ နောင်တုံကန်အနီးရှိ အသစ်ဆောက်လုပ်ထားသည့် ကျိုင်းတုံဟော်နန်းဆောင်သို့ ယမန်နေ့က ပင့်ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ ပင့်ဆောင်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် တာဝန်ရှိသူများ၊ ဒေသခံရှမ်းတိုင်းရင်းသားများက ကျိုင်းတုံစော်ဘွားကြီးများဖြစ်ကြသော စဝ်ကွမ်ကျောက်အင်းထလျဲန်၊ စဝ်ကောင်တိုင်းနှင့် စဝ်စိုင်းလုံခေမာဓိပတိရာတို့၏ ရုပ်ထုများအား ပန်ကွဲတောင်ဗုဒ္ဓဥယျာဉ်မှ ကျိုင်းတုံဟော်နန်းသို့ မော်တော်ယာဉ်များဖြင့် ပင့်ဆောင်သည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းယင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပင့်ဆောင်လာသည့် စော်ဘွားကြီးသုံးပါး၏ အတ္ထုပ္ပတ္တိအကျဉ်းဖတ်ကြားပြီး ပရိတ်တရားနာ ရေစက်ချအမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)