မွန်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားဝန်ထမ်းများအား Smart Card များ ပြုလုပ်ပေးနေမှု ကြည့်ရှုစစ်ဆေး၍ အစည်းအဝေးများ တက်ရောက်

မော်လမြိုင် ဇူလိုင် ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ ယမန်နေ့နံနက်ပိုင်းက ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးနေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း လက်ရှိအငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၇,၈၀၃)ဦးရှိပြီး မော်လမြိုင်မြို့၊ ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)တို့တွင် (၉,၀၅၇)ဦးရှိကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မော်လမြိုင်မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် အာဟာရမုန့်များ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းများကိုလည်း ပင်စင်လစာထုတ်ရက်များတွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး၊ ဦးရဲရင့်ထွန်းက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၎င်းတို့ထံမှ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ်ထုတ်ပေးခြင်းနှင့် Smart Card ထုတ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအမှတ်စဉ် (၃/၂ဝ၂၅)နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အမှတ်စဉ်(၄/၂ဝ၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချစီမံဆောင်ရွက်နိုင်ရန်နှင့် တင်ပြလာသည့်ကိစ္စရပ်များအတွက် စိစစ်သုံးသပ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများကို မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝိုင်းဝန်းဆွေးနွေးဆုံးဖြတ်ပေးရန် လိုအပ်ပါ​ကြောင်း၊ လယ်ယာမြေများကို စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့် ပြုခြင်းဖြစ်ရာ အခြားနည်းဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေး လျှောက်ထားလာပါက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်အဆင့်က မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ သက်ဆိုင်သည့်ဌာနဆိုင်ရာများ၏ ထောက်ခံချက်များကို စိစစ်ခြင်း၊ မြေပြင်တွင် ကြိုတင်အသုံးချထားမှု ရှိ/ မရှိ စိစစ်ခြင်းများကို ဆောင်ရွက်၍ ဥပဒေနဲ့အညီသာ ခွင့်ပြုဆောင်ရွက်ပေးရန်၊ ဥပဒေတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်သည့် လျှောက်ထားသူများ၊ စည်းကမ်းနှင့်အညီ ထိန်းကျောင်းရန်၊ ဝန်ထမ်းများကိုလည်း ပျက်ကွက်သည့်ဌာနဆိုင်ရာအလိုက် တိတိကျကျအရေးယူဆောင်ရွက်သွားရန်” လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအသုံးပြုခွင့်  ကိစ္စရပ်များနှင့်ပတ်သက်၍ မိမိတို့ဌာနဆိုင်ရာလုပ်ငန်းရှုထောင့်များမှ ဝိုင်းဝန်းဆွေးနွေးကြရန်နှင့်  ပြန်လည်စိစစ်သင့်သည်ကို ပွင့်လင်းစွာဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း မြေလွတ်၊ မြေရိုင်း လုပ်ပိုင်ခွင့်အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် မြေလွတ်၊ မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်၊ လယ်ယာမြေသို့ ပြောင်းလဲရန်လျှောက်ထားခြင်း သီးနှံပြောင်းလဲစိုက်ပျိုးရန် လျှောက်ထားသည့်အမှုတွဲ (၆)တွဲကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရာက်လာကြသည့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)