ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု

ပင်းတယ ဇူလိုင် ၂၉

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများကြောင့် ကားလမ်းများရေကျော်ခြင်း၊ တံတားများကျိုးကျပျက်စီးခြင်းနှင့် တောင်ကျရေများစီးဝင်မှုကြောင့် လူနေအိမ်အချို့မျောပါခြင်းများဖြစ်ပေါ်ခဲ့ရာ ထိခိုက်ပျက်စီးမှုများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရ သည်။

ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား တောင်ပေါ်ရှိ ကြေးတွင်းကုန်းကျေးရွာလမ်းခွဲအနီး တောင်နံရံပြိုကျမှုကြောင့် ဈေးဆိုင်ခန်းအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခြင်း၊ သမိုင်းဝင်ပုန်းတလုတ်ရေကန် ရေဝင်ပေါက်နှင့် ရေထွက်ရေလွှဲပေါက်များကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားခဲ့ပြီး ဆက်လက်၍ တပ်ကြီးကျေးရွာ ကျေးရွာချင်းဆက် တံတားရေကျော်နေမှုနှင့် ပင်းတယ-ရပ်စောက်သွားလမ်းပေါ်ရှိ မိုင်းအင်တံတားရေကျော်နေမှုများကို သွားရောက်ကြည့်ရှုကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာတွင် လူနေအိမ်အချို့ ပြိုကျပျက်စီးခြင်း၊ လူ(၅)ဦး ထိခိုက်သေဆုံးခြင်းနှင့် တစ်ဦးထိခိုက်ဒဏ်ရာရခြင်း(မစိုးရိမ်ရ)နှင့် သဘာဝဘေးကြောင့်စိုးရိမ်ရသည့် ကျေးရွာများမှ စာသင်ကျောင်းအချို့ကိုလည်း ယာယီပိတ်ထားကြောင်းသိရှိရပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

‎‎အောင်ကိုဦး(ပြန်/ဆက်)